International News

စင်ကာပူနိုင်ငံ၏ အဓိကပို့ကုန်များ ၂၀.၂ ရာခိုင်နှုန်း ကျဆင်း၊ ၁၀ လဆက်တိုက် ကျဆင်းခြင်းဖြစ်

Last Updated:

စင်ကာပူနိုင်ငံ၏ စက်သုံးဆီမဟုတ်သည့် ပြည်တွင်းထုတ်ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၁၅.၆ ရာခိုင်နှုန်း၊ မေလတွင် ၁၄.၇ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ၂၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ထိုသို့ကျဆင်းခြင်းမှာ ၁၀ လဆက်တိုက်ကျဆင်းခြင်းဖြစ်ပြီး လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းမဟုတ်သည့် ကုန်စည်များ တင်ပို့မှုကျဆင်းခြင်းဖြစ်ပါသည်။

Enterprise Singapore ၏အချက်အလက်များအရ လျှပ်စစ်ပစ္စည်းတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ ဇူလိုင်လတွင် ၂၆.၁ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ Integrated Circuits တင်ပို့မှုမှာ ၃၅.၇ ရာခိုင်နှုန်း၊ ပီစီ (PCs)တင်ပို့မှုမှာ ၄၆.၁ ရာခိုင်နှုန်း၊ မီဒီယာထုတ်ကုန်တင်ပို့မှုမှာ ၄၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ထို့ပြင် လျှပ်စစ်ပစ္စည်းမဟုတ်သည့် ကုန်စည်များတင်ပို့မှုမှာလည်း ဇွန်လတွင် ၁၅.၆ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၁၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ရွှေတင်ပို့မှုတွင် ၈၀.၃ ရာခိုင်နှုန်း၊ အထူးပြုလုပ်ထားသည့် စက်ပစ္စည်းများတင်ပို့မှုတွင် ၁၇.၂ ရာခိုင်နှုန်းနှင့် ရေနံဓာတုပစ္စည်း တင်ပို့မှုတွင် ၂၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

စက်သုံးဆီမဟုတ်သည့် ပြည်တွင်းထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၃၄.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ဥရောပသမဂ္ဂသို့ တင်ပို့မှုမှာ ၂၈.၆ ရာခိုင်နှုန်း၊ ထိုင်ဝမ်သို့ တင်ပို့မှုမှာ ၃၆ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ စုစုပေါင်း ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၁၉.၃ ရာခိုင်နှုန်း၊ ဇူလိုင်လတွင် ၂၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တင်ပို့မှု ၁၈.၄ ရာခိုင်နှုန်း၊ တင်သွင်းမှု ၂၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ 

ရင်းမြစ်။ CAN

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News